မောင်မထောင်းနဲ့ ညောင်းလိမ့်မယ်
ရေးသားသူ – ချမ်းမြေ့သာဇံမောင်မောင်နှံ
“ အာနိုးရေ….ဟေ့ အာနိုး…”
“ လာပြီ….အစ်မရေ…”
နွားစာစင်းနေသော အာနိုး အိမ်ဘေးမှ မပြေးရုံတမယ်လာခဲ့ပြီး…. အိမ်ပေါ်သို့ လှမ်းတက်လိုက်တော့ မခင်အေးနှင့် မျက်နှာချင်းဆိုင်မိသည်။
“ နင့် ဦးလေးလည်း ပိုက်တဲရောက်ရင် ပြန်မလာတော့ဘူး… နင့်ပဲခိုင်းရမှာပဲ…။ ညနေစောင်းရင် မိုးရွာလိမ့်မယ်ထင်တယ်….။ နင်… နွားတွေ သွားသိမ်းချေတော့…။ နင့် ဦးလေးကတော့ ပြန်လာမယ့်ပုံမပေါ်ဘူး …..”
“ အခုပဲ သွားလိုက်တော့မယ်….အစ်မ….”
အာနိုးက အိမ်ရှေ့မျက်နှာစာ သံဇကာတွင် ချိတ်ထားသော ခမောက်ကို ဆွဲဆောင်းပြီး ထွက်သွား
သည်။ မခင်အေး အိမ်ပေါက်ဝမှရပ်ကြည့်ရင်း ပြုံးမိသည်။ အာနိုးက ဖင်ပေါ့သည်။ သိတတ်သည်။ ဒီလို သူရင်းငှားမျိုးရထားတာ သူ့တို့အဖို့ ကံကောင်းလှသည်။ ပြီးတော့ အာနိုးက တစ်ကောင်ကြွက် မခင်အေး၏ယောက်ျား ကိုသန်းငွေ၏အဖေ မခင်အေး၏ယောက္ခမအိမ်တွင် ငယ်ငယ်ထဲက နေလာပြီး ကိုသန်းငွေနှင့် မခင်အေး အိမ်ထောင်ကျတော့ သူတို့ဆီလာပြီး သူရင်းငှားလုပ်နေတာ ဖြစ်သည်။
အသက်က (၁၅) နှစ်ခန့်သာ ရှိသေးသော်လည်း အာနိုးဆိုသော နာမည်ရအောင် သူ့ခန္ဓာကိုယ်က ထွားကြိုင်းလှသည်။ အခု ကိုသန်းငွေနှင့် မခင်အေးတို့ အိမ်ထောင်ကျပြီး (၂) နှစ်ခန့်အတွင်းမှာပင် အာနိုး တော်တော်ထွားလာသည်။ ဒီနှစ်ဆို ထွန်တုံးတောင် နိုင်နေချေပြီ။
မခင်အေးတို့တွင် လယ်ဧက (၂၀) ကျော် ရှိသည်။ လယ်တွေ ထွန်တုံးပိတ်ကတည်းက မခင်အေး၏ယောက်ျား ကိုသန်းငွေက ပိုက်ထဲသို့ စတဲချနေသည်။ ဒီနှစ် ချောင်းရိုးတွင် လိုင်စင်ရသူက ကိုသန်းငွေ၏ သူငယ်ချင်း။ ဒီတော့ ကိုသန်းငွေတစ်ယောက် အရက်ပေါ၍ ပုစွန်ရွေး ငါးရွေး မိန်းမတွေများသည့် ပိုက်ထဲမှ မပြန်တော့။ အိမ်မှာက သူ့သူရင်းငှား အာနိုးကို ယုံကြည်စိတ်ချတာလည်းပါသည်။ သူကိုယ်တိုင်က ပျော်ပျော်ပါးပါး နေတတ်တာလည်း ပါသည်ပေါ့။
ကိုသန်းငွေက အသက် (၃၀) ခန့်သာ ရှိသော်လည်း အာနိုးက ငယ်ငယ်ထဲက အတူနေလာသူမို့ နှုတ်ကျိုးပြီး ဦးလေးဟုသာ ခေါ်သည်။ မခင်အေးကျတော့ အသက် (၂၇) နှစ်တောင် ရှိနေပြီဖြစ်ပေမယ့် အစ်မ ဟုသာ သူကခေါ်လေသည်။ အိမ်မှ ကွင်းထဲသို့ ထွက်သွားသော အာနိုးတစ်ယောက် မြင်ကွင်းထဲမှ ပျောက်သွားတော့မှ မခင်အေးက အိမ်ထဲသို့ လှမ်းဝင်ရန် ကြံလိုက်ရင်း ကောင်းကင်သို့မော့၍ ကြည့်လိုက်မိသည်။ တောင်ဘက်ဆီမှ မိုးရိပ်တို့က တက်စပြုနေပြီ။ သူမ အာနိုးကို လွှတ်လိုက်သည်မှာ မှန်သွားသည်ဟု တွေးရင်း မခင်အေးသည် အိမ်ပေါက်ဝ သံဇကာတံခါးကိုပိတ်ကာ အိမ်ထဲသို့ ပြန်၍ဝင်ခဲ့လေသည်။
ရွာမှနေ၍ကြည့်လျှင် တစ်ပြလောက် အကွာတွင် တောတန်းလေးတစ်ခု ရှိသည်။ ထိုတောတန်းလေး ပတ်လည်တွင် စားကျက်ကောင်းသဖြင့် ရွာမှကျွဲနွားများကို လွှတ်ကြောင်းထားလေ့ရှိသည်။ အခုလည်း အာနိုးတစ်ယောက် ထိုတောတန်းလေးသို့ ရှေ့ရှု၍ လယ်ကွင်းများကိုဖြတ်ကာ လျှောက်လာခဲ့၏။
“ ဟော ဟိုရှေ့မှာ…. ဒီဖက်ပြန်လာနေကြတာ…. အိမ်က ကောင်တွေလား မသိဘူး….”
လမ်းခုလတ်အရောက် နွားတစ်စု ပြန်လာနေသည်ကို တွေ့လိုက်ရသည်။
“ ဟုတ်တာပေါ့….အိမ်ကကောင်တွေပဲ…”
ထိုအခိုက် မိုးက တဖြောက်ဖြောက် ကျလာသည်။