ငုဝါမှာ ရထားပေါ်ကို ခေတ်တက်သွားတာကို မျက်ရည်အဝိုင်းသားနဲ့ ကြည့်နေခဲ့ရှာပါတယ်။ မျက်ရည်မကျအောင် ထိန်းနေပေမယ့် အပြီးတိုင် ခွဲခွာရပြီဆိုတဲ့အသိက ငုဝါနှလုံးသားကို တစ်စစီကြေကွဲရအောင် ခံစားနာကျင်ရပါတယ်။
တကယ်ဆိုရင် ဒီမနက် ငုဝါအိပ်ရာက နိုးချိန်မှာ ကိုကို့ကို မတွေ့ရကတည်းက စိုးရိမ်ပူပန်မှုတွေ ဖြစ်ခဲ့ရတာပါ။ ငုဝါအကြောက်ဆုံးအချိန်ကို ရောက်လာပြီလားဆိုပြီး ဝမ်းနည်းပူဆွေးခဲ့ရပါတယ်။
နောက်မှ ကိုကိုထားခဲ့တဲ့ စာကိုတွေ့ရပြီး အိမ်ခဏပြန်သွားတယ်ဆိုတာ သိရတာပါ။ ဒါပေမယ့် ငုဝါမယုံနိုင်သေးပါဘူး။ စိုးရိမ်မှုကြီးစိုးတဲ့ မျှော်လင့်ခြင်းတွေနဲ့ပဲ စောင့်မျှော်နေခဲ့ရပါတယ်။
ငုဝါဘဝမှာ အကြောက်ဆုံးအချိန်ကို တစ်နေ့နေ့ရောက်လာမယ်ဆိုတာ သိနေပေမယ့် ချက်ချင်းတော့ မရောက်လာပါနဲ့အုံးဆိုပြီး ဆုတောင်းနေခဲ့မိပါတယ်။ ငုဝါရဲ့ ပူလောင်ကြေကွဲစိတ်နဲ့အတူ စိုးရိမ်သောကတွေကို မွေးဖွားပေးခဲ့တဲ့နေ့ကို ဘယ်တော့မှမေ့မရတော့ပါဘူး။
အဲဒီနေ့က ရောင်းတော့မယ့် ကိုကို့ဘိုးဘွားတွေအိမ်မှာ ဆွမ်းကျွေးမယ့်နေ့ပေါ့။ ညနေမှောင်ရီပျိုးမှာ ကိုအောင်အောင်နဲ့ လမ်းမှာတွေ့ပါတယ်။
ငုဝါက ကိုကို့ကို မတွေ့လို့ စက်ဘီးရပ်ပြီးမေးမိတယ်။ ကိုကို အမူးလွန်ပြီး တစ်ယောက်တည်း အိမ်ပြန်သွားပြီလို့ ကိုအောင်အောင်က ပြောတယ်လေ။
ငုဝါ တကယ်စိတ်ပူသွားမိတယ်။ အရက်တွေမူးပြီး ကိုကိုတစ်ခုခုဖြစ်မှာ အရမ်းစိုးရိမ်သွားမိတယ်။ ငုဝါဘဝမှာ သံယောဇဥ္အထားရဆုံးဖြစ်သလို တိတ်တခိုး စွဲလမ်းတွယ်တာရတဲ့ ကိုကို့ကို စိုးရိမ်ပူပန်မိတာ မလွန်ပါဘူး။
ဒါကြောင့်ပဲ ကိုအောင်အောင်ရဲ့စကားအဆုံးကိုတောင် မစောင့်ဘဲ ငုဝါ စက်ဘီးနင်းပြီး ထွက်ခဲ့တယ်။ အန်တီကြည်ပြာကလည်း ဆွမ်းကျွေးအိမ်မှာပဲရှိမယ်ဆိုတာ သိနေခဲ့တယ်လေ။
အဲတော့ အိမ်မှာ ကိုကိုတစ်ယောက်တည်းရှိနေမှာသိတော့ ပိုစိတ်ပူမိတာပေါ့။ ကိုကို့အိမ်ရှေ့ကို ဘယ်လိုရောက်လာမှန်းတောင် မသိတော့ပါဘူး။ ခြံတံခါးရော၊ အိမ်တံခါးရော ဖွင့်လျက်ကြီးတွေ့ရတော့ ပိုစိတ်ပူသွားတာပေါ့။
အလောတကြီး အိမ်ထဲပြေးဝင်ပြီး ကိုကိုလို့ အော်ခေါ်ပေမယ့် ပြန်ထူးသံမကြားရပါဘူး။ ကို့ကို့အိပ်ခန်းတံခါးက ဖွင့်လျက်ကြီးပါ။ ငုဝါက ကိုကို့အခန်းနားသွားနေရင်း အထဲက ဗလုံးဗထွေးနဲ့ ရေရွတ်ပြောနေသံကို မသဲမကွဲကြားနေရပါတယ်။
ကိုကို့အခန်းပေါက်ဝကိုအရောက်မှာ ကိုကိုရဲ့ ဒေါသသံစွတ်နေတဲ့ ညည်းတွားပြောဆိုသံကို အတိုင်းသားကြားလိုက်ရချိန်မှာ ထိတ်လန့်တုန်လှုပ်သွားခဲ့ရပါတယ်။
“ဟိုသေနာကြီးအပေါ် ဒေါသထွက် မရအောင် တားဆီးနေတဲ့သူတွေ၊ အကုန်လုံးကို မုန်းတယ်။ဖောက်ပြန်တဲ့အမေ့ကိုမုန်းတယ်။အန်တီယမင်းကို မုန်းတယ်။
ငုဝါကိုလည်း မုန်းတယ်။ငုဝါ၊ နင့်အဖေက ငါ့မိသားစုကို ပြိုကွဲအောင်လုပ်တဲ့ လူယုတ်မာကြီး … ခွေးကြီး …
ဒီလူယုတ်မာကို ငါ့လို ခံစားရအောင် ဂလဲ့စားပြန်ချေမယ်။
သူများသားမယားနဲ့ မိသားစုကို ဖျက်စီးတဲ့သူကို သူ့သမီးပျိုနဲ့ မိသားစုကို ပြန်ဖျက်စီးပစ်မယ်။
ငုဝါ … ငါ .. နင့်ကိုမုန်းတယ်။ နင်တို့မိသားစု … ငါ့လို နာကျင်ရမှ ငါကျေနပ်မယ် …..”
အမူးလွန်ကာ လေသံဗလုံးဗထွေးနဲ့ ပြောနေတဲ့ ကိုကို့အသံဟာ ငုဝါနှလုံးသားထဲ စွဲနစ်စူးဝင်သွားရအောင် ထိရှလွန်းခဲ့ပါတယ်။ အမုန်းတရားတွေပြည့်နှက်နေတဲ့ စကားလုံးမြားချက်တွေက နုငယ်လှတဲ့ နှလုံးသားကို တစ်စစီကွဲကြေသွားအောင် ထိချက်ပြင်းလွန်းခဲ့ပါတယ်။
ငုဝါမှာ ဆက်ပြီးနားမထောင်နိုင်တော့ဘဲ အခန်းနံရံနောက်ထဲ ပြန်ပုန်းကွယ်ကာ ဆောင့်ကြောင့်ထိုင်ချပြီး နားကိုပိတ်ထားမိပါတယ်။ ရင်ထဲမှာ စို့နင့်ကြေကွဲရလွန်းလို့ မျက်ရည်များကျဆင်းရင်း ခေါင်းကိုတွင်တွင်ခါရမ်းနေမိပါတယ်။
ဒါပေမယ့် ကိုကိုရဲ့ ငုဝါကိုမုန်းတယ်ဆိုတဲ့အသံက နားထဲမှာ မပျောက်ပျက်သွားပါဘူး။ ကိုကိုရဲ့ နာကျည်းဒေါသသံတွေက ငုဝါကို အငွေ့ပျံပျောက်ကွယ်သွားချင်လောက်အောင် ထိခိုက်ခံစားရပါတယ်။
ကိုကိုရယ်၊ ငုဝါကို မုန်းသတဲ့လား။ ငုဝါ … ဒီအကြောင်းတွေကို မသိခဲ့ရဘူးကိုကိုရယ်။ ငုဝါက ကိုကို့ကို ငယ်ငယ်လေးကတည်းက ချစ်ခဲ့ တွယ်တာခဲ့ရတာပါ။
ငုဝါက အရမ်းချစ်ပြီး အနီးကပ်နေခဲ့ပေမယ့် ကိုကို့ရင်ထဲက ခံပြင်းနာကျည်းမှုတွေကို မရိပ်မိခဲ့ရပါဘူး။ ငုဝါကို အလိုလိုက်ပြီး ဂရုစိုက်ပေးနေပေမယ့် ကိုကို့ရင်ထဲမှာတော့ ခံပြင်းနာကျည်းမှုတွေနဲ့ ပူလောင်နေရမှာပါ။
ကိုကိုဟာ ငုဝါနဲ့ဆိုရင် အမြဲဂရုစိုက်ပေး၊ ကြင်နာပေးပြီး နာကျည်းတာတွေကို မျိုသိပ်ထားခဲ့တာကိုး။ ကိုကို့ကို စာနာမိပါတယ်။ အခုမှသိလိုက်ရတဲ့ ငုဝါကိုယ်တိုင်လည်း ရင်နဲ့အမျှခံစားနာကျင်ရတာပါပဲ။
ငုဝါကို သိပ်ချစ်ပြီး အရာရာ အလိုလိုက်ဖြည့်ဆည်းပေးတတ်တဲ့ ဖေဖေက မေ့မေ့ကွယ်ရာမှာ ဖောက်ပြန်နေသတဲ့လား။ ငုဝါအတွက် ဖေဖေက ဖခင်ကောင်းတစ်ဦးအဖြစ် အမြဲသတ်မှတ်ကိုးကွယ်ခဲ့ရတာပါ။
ကြားကြားချင်း မယုံနိုင်လောက်အောင်ပါပဲ။ ဒါပေမယ့် ကိုကို့ရဲ့နာနာကျည်းကျည်းဖြစ်နေပုံရယ်၊ အရင်ကတည်းက ဖေဖေနဲ့တွေ့တိုင်း ခပ်တန်းတန်းသာ ဆက်ဆံတတ်တဲ့ ကိုကို့ပုံစံရယ်ကြောင့် ငုဝါ လက်ခံပေးခဲ့ရတာပါ။
ပြီးတော့ အခုနောက်ပိုင်းမှာ မေမေနဲ့ဖေဖေတို့ဟာ ခပ်စိမ်းစိမ်းဖြစ်လာကြတယ်လေ။ အမေ့ဘက်က မယားဝတ္တရားကျေပွန်အောင် လုပ်ပေးတတ်ပေမယ့် ဖေဖေနဲ့ ရင်းရင်းနှီးနှီးပြောဆိုဆက်ဆံတာမျိုးတွေ မတွေ့ရတော့ပါဘူး။
ငုဝါရှေ့မှာ ဖေဖေတို့လင်မယားတွေ ရန်ဖြစ်ကြတာမျိုး မတွေ့ရပေမယ့် ရင်းနှီးနွေးထွေးမှုတွေပျောက်ဆုံးနေတာတော့ သတိထားမိပါတယ်။ ဒါကြောင့်ပဲ ငုဝါက မေမေ့အပေါ်မှာတောင် စိတ်ကွက်ဖူးပါတယ်။
အခုမှ နားလည်ပါတော့တယ်။ ငုဝါရဲ့ဖေ့ဖေ့အပေါ်ထားတဲ့ ယုံကြည်အားကိုးမှုတွေ ဆုံးရှုံးသွားရသလို နာကျင်ခံစားရပါတယ်။ ဒါကြောင့် ကိုကို့ရဲ့ နာကျည်းမှုကို ငုဝါနားလည်ပေးနိုင်တာပါ။
ဒါပေမယ့်ကိုကိုရယ်။ ငုဝါက ဖေဖေ့ကို ဘယ်လို မုန်းတီးရမှာလဲ။ ဖေဖေရဲ့ မှားယွင်းတဲ့လုပ်ရက်အပေါ် စိတ်ပျက်ဝမ်းနည်းရတာကြောင့်ပဲ ကိုကို့ကို မျက်နှာချင်းဆိုင်ဖို့တောင် ခက်ရပါတယ်။
ကိုကို ခံစားနေရတာတွေကြောင့် ငုဝါလည်း ကြေကွဲခံစားရတယ်။ ငုဝါရဲ့ အသက်နဲ့ထပ်တူ ချစ်ရတဲ့သူနှစ်ဦးကြားမှာ ဘာဆက်လုပ်ရမှန်းမသိအောင် လမ်းပျောက်နေမိပါတယ်။
ကိုကို့ရင်ထဲက ဒဏ်ရာတွေကို ဘယ်လိုဖြေသိမ့်ပေးရပါ့မလဲ။ လက်တုံ့မပြန်နိုင်လို့ ကိုကိုက ငုဝါကို မုန်းတယ်ဆိုရင် လက်တုံ့ပြန်နိုင်ခွင့်ရအောင် ငုဝါရဲ့အရှက်နဲ့သိက္ခာကို ချခင်းပေးလိုက်ချင်ပါတယ်။
အဲဒီနေ့က ကိုကို့အခန်းပေါက်ဝမှာ အားရအောင် ကြိတ်ငိုပြီးမှ ငုဝါပြန်ဖို့ ပြင်လိုက်ပါတယ်။ ပြီးတော့ ပြောချင်ရာပြောပြီး အိပ်ပျော်သွားတဲ့ ကိုကို့ကို ကြည့်ပြီးမှ အိမ်တံခါးနဲ့ ခြံတံခါးကို သေချာပိတ်ပေးပြီး ပြန်လာခဲ့ပါတယ်။
အဲဒီနေ့ညက ငုဝါအိပ်မပျော်ခဲ့ပါဘူး။ တစ်ညလုံးပဲ ငိုနေမိတယ်။ ဖေဖေ့ကြောင့် ယူကျုံးမရ ဝမ်းနည်းမှုအတူ ကိုကို့ကြောင့် နာကျင်ကြေကွဲရတာတွေက ငုဝါအတွက် မခံစားနိုင်အောင် ဖြစ်ခဲ့ရပါတယ်။
နောက်ဆုံးတော့ ငုဝါသိပ်ချစ်ရတဲ့ ကိုကိုရဲ့ စိတ်ဒဏ်ရာကို ဖြေသိမ့်နိုင်မယ်ဆိုရင် ဘာမဆိုလုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါက ဖေဖေ့အမှားအတွက် ကိုကို့ကိုပေးနိုင်တဲ့ လျော်ကြေးသဘောပဲ သတ်မှတ်ခဲ့ပါတယ်။
ဘာပဲပြောပြော ကိုကို့စိတ်ထဲမှာ ဖြေသိမ့်စရာ တစ်ခုခုရရင် ကျေနပ်ပါပြီ။ ဒါဆိုရင် လက်တုံ့မပြန်နိုင်လို့ ပိုခံစားနေရတာတွေလည်း သက်သာရာရသွားပါလိမ့်မယ်။
ဒါပေမယ့် နောက်နေ့မနက်အစောကြီး ကိုကိုနဲ့တွေ့တော့ ငုဝါမှာ ငိုမချမိအောင် မနည်းထိန်းထားရပါတယ်။ ဒီအကြောင်းတွေကို ငုဝါကို မသိစေချင်တဲ့ ကိုကို့သဘောကြောင့်လည်း ပိုနာကျင်ခဲ့ရပါတယ်။
အဲဒီနေ့မှာ ငုဝါနဲ့ကိုကိုဟာ မထင်မှတ်ဘဲ အဆင့်တွေကျော်ခဲ့ကြပါတယ်။ ငုဝါကို ဂရုစိုက်သလို သဝန်တိုပြီး ဒေါသထွက်နေတဲ့ ကိုကိုကြောင့်လည်း ကြည်နူးခဲ့ရတယ်။
မမျှော်လင့်ဘဲ ချစ်တယ်ဆိုတဲ့ စကားကိုမဆိုဖြစ်ကြဘဲ နယ်ပယ်သစ်တစ်ခုကို ရောက်ခဲ့ကြပါတယ်။ ကိုကိုရဲ့ အထိအတွေ့အပွတ်အသပ်တွေအောက်မှာ ငုဝါ ရင်လှိုက်ခုန်ပျော်ရွှင်ခဲ့ရပါတယ်။
ကိုကို့ဘက်က ထိန်းသိမ်းနေတဲ့ကြားက ရှေ့ဆက်တိုးအောင် ငုဝါကပဲ လမ်းဖွင့်ပေးခဲ့မိပါတယ်။ မိန်းကလေးတန်မယ့် အရှက်ကိုဘေးဖယ်ထားပြီး ကိုကို့ရင်ထဲက ချစ်စိတ်နဲ့ ရမ္မက်တွေကို နိုးကြွားအောင် လုပ်ပေးခဲ့ပါတယ်။
ဒါတွေကလည်း ငုဝါရဲ့ ချစ်စိတ်တွေကြောင့်လည်း ပါပါတယ်။ ဒါကြောင့်ပဲ ကိုကိုရဲ့ အကိုင်အတွယ် အပွတ်အသပ်တွေကို ရင်တလှပ်လှပ်ဖြစ်အောင် ခံယူရင်း ကိုကို့ပါးပြင်လေးကို ငုဝါကပဲ စတင်နမ်းရှိုက်ပေးမိခဲ့တာပါ။
ဒါပေမယ့် ကိုကိုက အခြေအနေတွေကို မလွန်ကဲအောင် အတတ်နိုင်ဆုံးထိန်းနေတတ်ပါတယ်။ ဒီအတွက် ပိုကြည်နူးရသလို တစ်ခါတလေလည်း အရမ်းခံစားခဲ့ရတယ်။
ငုဝါအပေါ် အဆုံးစွန် မလွန်ကျူးမိအောင် ထိန်းနေတာက ဖေဖေကြောင့်လားလို့ အတွေးဝင်လာတတ်တယ်။ အမုန်းဆုံးလူရဲ့သမီးကို ချစ်ရမှာ ကိုကို ကြောက်နေခဲ့သလား။
ငုဝါကတော့ ကိုကိုနဲ့ပတ်သတ်ရင် ဘာမှ မမျှော်လင့်ပါဘူး။ ကိုကိုပျော်ရွှင်စိတ်ချမ်းသာမယ်ဆိုရင် ဘာမဆို ဖြည့်ဆည်းပေးဆပ်ဖို့ အသင့်ရှိနေခဲ့ပါတယ်။
ဒါကြောင့်ပဲ နောက်ပိုင်းတွေမှာ ငုဝါကပဲ တောင်းဆိုခဲ့တာပါ။ အရှက် မဲ့ တောင်းဆိုရတာတွေကြောင့် တန်ဖိုးမဲ့သလို ခံစားရပေမယ့်လည်း ငုဝါပျော်ရွှင်ခဲ့ပါတယ်။
နောက်ဆုံး ခန္ဓာကိုယ်ချင်း အဆုံးစွန်ပတ်သတ်ခဲ့တဲ့အထိပါပဲ။ အထိအတွေ့ကြောင့် သာယာခဲ့ရပြီး ကြည်နူးပျော်ရွှင်မှုကိုလည်း အတိုင်းအဆမရှိခံစားခဲ့ရပါတယ်။
ဒီလိုနဲ့ ကိုကိုနဲ့ တွေ့တိုင်း ကြည်နူးသာယာခဲ့သလို ဆုံးရှုံးရမှာလည်း ကြောက်လာမိပါတယ်။ တစ်ချိန်ချိန်မှာ ကိုကိုက ငုဝါကို စွန့်ခွာထွက်ပြေးသွားမယ်လို့ ထင်နေမိတယ်။
ရင်ခုန်ကြည်နူးနေမိရင်းပင် နာကျင်ကြေကွဲနေမိတယ်။ ကိုကို့ကို အဆုံးရှုံးမခံနိုင်ပေမယ့် စွန့်ခွာသွားမယ်ဆိုရင်လည်း မတားဆီးရက်ပါဘူး။
စိတ်ဒဏ်ရာကြီးသူအတွက် လက်တုံ့ပြန်ခွင့်ရအောင် ဖြည့်ဆည်းပေးချင်ခဲ့ပါတယ်။ ဒါကြောင့်ပဲ ကိုကို့အပေါ် ရစ်ပတ်နှောင်တွယ်မှုမရှိဘဲ စိတ်နဲ့ခန္ဓာရင်းပြီး ဖြည့်ဆည်းပေးခဲ့တာပါ။
ညက ရုတ်တရတ်ကြီး ကိုကိုက လာခေါ်တဲ့အခါမှာ ငုဝါတကယ်ကို ကြောက်လန့်သွားခဲ့ရတယ်။ မျက်နှာအမူအရာ၊ စကားသံအရ ကိုကိုတစ်ခုခုလုပ်တော့မယ်ဆိုတာ ငုဝါသိနေခဲ့ပါတယ်။
မိဘတွေရဲ့ မျှော်လင့်ချက်နဲ့ ငုဝါရဲ့ ဘဝကတစ်ဖက်၊ ကိုကို့အပေါ် ချစ်စိတ်နဲ့ လိုက်လျောဖြည့်ဆည်းပေးချင်တဲ့စိတ်ကတစ်ဖက်၊ လွန်ဆွဲခဲ့ရပါတယ်။
နောက်ဆုံးတော့ နှလုံးသားရဲ့ ခံစားချက်နောက်ကိုပဲ ပြတ်ပြတ်သားသားလိုက်ပါခဲ့တာပါ။ ငုဝါလိုက်လာရင် ကိုကို ကျေနပ်တယ်၊ ပျော်တယ်ဆိုတဲ့ စကားတစ်ခွန်းကြောင့်ပဲ ငုဝါအားလုံးကို စွန့်လွှတ်နိုင်ခဲ့ပါတယ်။
အိမ်ကထွက်လာခဲ့ကတည်းက ငုဝါဘာမှ မမျှော်လင့်တော့ပါဘူး။ ရင်ထဲမှာတော့ စိုးထိတ်မှုနဲ့နာကျင်နေခဲ့ရပါတယ်။ ဒါကို မရိပ်မိအောင် ဟန်ဆောင်ရင်း ကိုကိုရဲ့ ကြမ်းတမ်းမှုတွေကို ပျော်ပျော်ကြီးလက်ခံပေးခဲ့ပါတယ်။
အသိစိတ်ပျောက်သူပမာ ကြမ်းတမ်းခက်ထန်နေတဲ့ ကိုကို့ဆက်ဆံပုံတွေကြောင့် ငုဝါရဲ့အစိုးရိမ်ဆုံးအချိန်ကို ရောက်လာပြီဆိုတာ သိနေခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီတစ်ညမှာ ကိုကို့ရင်ထဲက စိတ်ဒဏ်ရာတွေကို အစွမ်းကုန် ဖွင့်ထုတ်ပေါက်ကွဲပြီး စိတ်သက်သာရာ ရသွားစေချင်ပါတယ်။
ဒါကြောင့်ပဲ အသိပြန်ဝင်ချိန်မှာ ငုဝါကို စာနာညှာတာတတ်တာမျိုးကို မလိုလားခဲ့ပါဘူး။ တစ်ညလုံး ကိုကိုရဲ့ စိတ်ရိုင်း၊ စိတ်ကြမ်းတွေအောက်မှာ အလူးအလဲ ခံပေးရင်း ပျော်ရွှင်ကျေနပ်ရသလို ရင်ထဲမှာတော့ ကြိတ်ကာ ငိုကျွေးနေခဲ့ရပါတယ်။
ကိုကိုကတော့ ကိုယ်အမုန်းဆုံးလူကို လက်စားချေနိုင်လို့ ပျော်ရွှင်ကျေနပ်နေနိုင်ပါတယ်။ စိတ်ဒဏ်ရာတွေနဲ့ နာကျင်မောပန်းနေရှာတာကနေ စိတ်ဖြေစရာရသွားစေတော့မှာပါ။
တကယ်တော့ ကိုကိုက လက်တုံ့ပြန်နိုင်ခဲ့တာမဟုတ်ပါဘူး။ လက်တုံ့ပြန်နိုင်ခွင့်ရအောင် ငုဝါကသာ ခွင့်ပြုပေးခဲ့တာပါ။
လက်တုံ့ပြန်ချင်သူအတွက် မိန်းကလေးတစ်ယောက်ရဲ့ တန်ဖိုးနဲ့ အရှက်သိက္ခာကို ချခင်းပေးခဲ့တာပါ။ ချစ်တတ်ခဲ့မှတော့ ချစ်ခြင်းရဲ့ ရင်နာစရာ ပြုစားခြင်းတွေကိုလည်း ခံယူရဲရမှာပေါ့။
တစ်ချိန်ချိန်မှာ လမ်းခွဲရမယ်ဆိုတာ သိနေပေမယ့် တကယ်ကြုံလာရတဲ့အခါမှာ ရင်ကွဲမတတ်ခံစားရပါတယ်။ ကြုံလာရတဲ့ ကံအတွက် ဘယ်သူ့ကိုမှ အပြစ်မတင်ပါဘူး။
ဘဝမှာ ကိုကို့ကို အသဲနင့်အောင် ချစ်ခဲ့မိလို့လည်း နောင်တ မရပါဘူး။ ချစ်ပြခွင့်ရခဲ့တာကိုပဲ ကျေနပ်နေမိတာပါ။
တစ်ခုပါပဲ။ ကိုကိုနောက်ဆုံးပြောတဲ့စကားကြောင့် ငုဝါမှာ ကြိတ်ကာ ငိုမိနေရင်း ရင်နာနာနဲ့ ပြုံးမိပါတယ်။ မိန်းမတွေဟာ မြစ်နဲ့အတူတူပဲ၊ ကွေ့ကောက်တတ်တယ်တဲ့လား။
ငုဝါကလည်း မိန်းမတစ်ယောက်ပဲမို့ မြစ်လိုကွေ့ကောက်ကာ သစ္စာမတည်နိုင်ဘူးပေါ့။ အချိန်တန်ရင် ကိုကို့ကိုမေ့ဖျောက်ကာ ပျော်ရွှင်နိုင်မယ်တဲ့လား။
ပြောရက်လိုက်တာ ကိုကိုရယ်လို့ပဲ ရင်နာနာနဲ့ တိုးတိုးလေး ငိုညည်းမိပါတယ်။ မြစ်ဆိုတာ ကွေ့ကောက်တတ်တာ မှန်ပါတယ်ကိုကိုရယ်။
ဒါပေမယ့် မြစ်ရေဆိုတာ ကမ်းရဲ့ခေါ်ဆောင်ရာအတိုင်း မြင့်ရာကနေ နိမ့်ရာကို စီးဆင်းပေးရတာ သဘာဝပါပဲ။ ကမ်းရဲ့ပုံသွင်းပဲ့ကိုင်မှုအတိုင်း သဝေမသိမ်း လိုက်နာခံယူပေးရတာပါ ကိုကိုရယ် ………
————-
(ဆက်ရန် …..)
ငုဝါဟာ မမြင်အောင်ပုန်းကွယ်ရင်း တစ်ယောက်တည်း ကြိတ်ကာ ငိုနေမိချိန်မှာပဲ ရထားက ဥဩသံဆွဲလို့ စတင်ထွက်ခွာသွားခဲ့ပါပြီ။ သံလမ်းအပေါ် ဖိကြိတ်မောင်းနှင်သွားတဲ့ ရထားဘီးတွေဟာ ငုဝါရဲ့ အသဲနှလုံးသားကို ဖြတ်သန်းကြိတ်ချေသွားတဲ့အတိုင်းပါပဲ။
ဝေးကွာသွားတဲ့ ရထားကြီးကိုလှမ်းမျှော်ကြည့်ကာ အသဲနင့်အောင် နာကျင်ခံစားနေရရှာပါတယ်။ သူမမျက်ဝန်းထဲမှ ရထားကြီး ပျောက်ကွယ်သွားတော့မှ ဆောင့်ကြောင့်ထိုင်ချကာ အားရအောင် ငိုချလိုက်ပါတယ်။
ခဏလောက် အားရအောင်ငိုမိပြီးမှ ငုဝါဟာ မျက်ရည်တွေကို သုတ်ကာ မတ်တတ်ထရပ်လိုက်ပါတယ်။ ပြီးတာနဲ့ ဘယ်သူ့ကိုမှမကြည့်ဘဲ ဘူတာရုံထဲကနေ တစ်လှမ်းခြင်းလျောက်လှမ်းထွက်သွားပါတယ်။
သူမဟာ ဝမ်းနည်းကြေကွဲရတာတွေကို အရွယ်နဲ့မမျှအောင် အဆမတန်ခံစားထားရတာပါ။ ဒါကြောင့် သူမမျက်နှာလေးဟာ ဖြူလျော်ပြီး ညှိုးငယ်နေရပါတယ်။ ဒါပေမယ့် ဘာမဆိုရင်ဆိုင်ဖို့ ဆုံးဖြတ်ထားတာမို့ တည်ငြိမ်လွန်းနေခဲ့ပါတယ်။
အောင်အောင်ဟာ ရထားစထွက်သွားကတည်းက စိတ်ပျက်အားလျော့ကာ ခေါင်းငိုက်စိုက်ချပြီး ငြိမ်သက်နေမိပါတယ်။ သူ့စိတ်ကတော့ မငြိမ်သက်နိုင်ဘဲ ထိခိုက်ခံစားနေရပါတယ်။
အချစ်ဆုံးသူငယ်ချင်းဖြစ်တဲ့ ခေတ်ကို နားလည်ပေးဖို့ ကြိုးစားရင်း နားမလည်နိုင်လောက်အောင် ဖြစ်ရပါတယ်။ ပြီးတော့ ငုဝါရင်ဆိုင်ရမယ့်အရာတွေကိုတွေးကာ ရင်လေးနေမိတယ်။
ဒီလို ငြိမ်သက်တွေးတောနေမိရင်းမှ သူနဲ့အတူပါလာတဲ့ ငုဝါကို သတိရလိုက်ပါတယ်။ ဒါကြောင့် နောက်ကို လှည့်ကာ ငုဝါကို ထားခဲ့တဲ့ဆီကို လှမ်းကြည့်လိုက်ပါတယ်။
သူလှမ်းကြည့်လိုက်ချိန်မှာ ငုဝါက ဘူတာရုံကို ကျောခိုင်းလို့ တစ်လှမ်းချင်းလှမ်းထွက်သွားပါပြီ။ သူလည်း ငုဝါနောက် လိုက်ကာ လှမ်းခေါ်မလို့ ပြင်လိုက်ချိန်မှာပဲ …..
“သမီး …..”
ဦးသန့်စင်နဲ့ဒေါ်ယမင်းက ဘူတာရုံဝန်းထဲကို အမောတကောပြေးဝင်လာတာကို အောင်အောင်တွေ့လိုက်ရပါတယ်။ နောက်ထပ်လူနှစ်ယောက်၊ သုံးယောက်လည်း နောက်ကလိုက်ပါလာပါတယ်။
ဒါကို ရုတ်တရတ်တွေ့လိုက်ရတော့ အောင်အောင်မှာ လန့်ဖြန့်သွားရပါတယ်။ ဒါကြောင့်ပဲ ဘူတာရုံထောင့်အကွယ်ထဲကို အလျင်စလို ပြေးဝင်ခိုကပ်နေလိုက်ပါတယ်။
ရုတ်တရတ်ဖြစ်ပေါ်လာတဲ့ ထိတ်လန့်တုန်လှုပ်စိတ်ကြောင့် ရှောင်ပုန်းလိုက်မိတာပါ။ ဒါပေမယ့် တဆက်တည်းမှာပဲ ငုဝါအတွက်ကိုတွေးပြီး ပူမိပါတယ်။ ပုန်းရှောင်မိတာကိုလည်း လိပ်ပြာမလုံသလို ခံစားလိုက်ရပါတယ်။
ဒါကြောင့်ပဲ ငုဝါကို လှမ်းကြည့်လိုက်ပါတယ်။ မိဘရဲ့ပူပင်ဒေါသကြောင့် အခြေအနေတွေ ရှုပ်ထွေးကုန်ရင် သူထွက်ပြီး အကြောင်းစုံရှင်းပြဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ဒါပေမယ့် ငုဝါကတော့ ခေါ်သံကြားတဲ့အချိန်မှာ တစ်ချက်သာ လှမ်းကြည့်ပြီး ခြေလှမ်းမှန်မှန်နဲ့ ဆက်လျောက်လှမ်းသွားပါတယ်။ ငုဝါရဲ့မျက်နှာပေါ်မှာ ထိတ်လန့်တုန်လှုပ်ကာ ကြောက်ရွံ့သွားတဲ့ပုံ မတွေ့ရပါဘူး။ ခံစားချက် မရှိသူပမာ ပကတိတည်ငြိမ်နေပါတယ်။
ဦးသန့်စင်နဲ့ဒေါ်ယမင်းမှာတော့ စိုးရိမ်ပူပန်နေတဲ့ကြားက သမီးကို ပြန်တွေ့ရလို့ ဝမ်းသာပြီး အမောတကော ပြေးလာခဲ့ကြတာပါ။ သူတို့ဟာ ညက တစ်ညလုံး ရှာကြသလို၊ မနက် မိုးမလင်းတလင်းအချိန်မှာ နောက်တစ်ခါထွက်ပြီး စိုးရိမ်တကြီး ရှာဖွေနေခဲ့ကြတာပါ။
ညပိုင်းက သမီးနာမည်ပျက် မှာစိုးလို့ မိသားစုတွင်းမှာသာ အသိပေးပြီး ကြိတ်ရှာခဲ့ကြပေမယ့် မနက်မှာတော့ ငုဝါပျောက်နေတဲ့သတင်းဟာ တဖြည်းဖြည်းပျံ့နှံ့သွားပါတယ်။ ဒီတော့မှပဲ ငုဝါဟာ ညက ခေတ်ရဲ့ဆိုင်ကယ်နဲ့ ပါသွားတာကို သတင်းရပါတော့တယ်။
သူတို့လမ်းထိပ်ကအိမ်မှာနေတဲ့ လူက ခေတ်ဆိုင်ကယ်နောက်မှာ ငုဝါလိုက်သွားတာကို တွေ့လိုက်ရတာပါ။ ညအချိန်မတော်ကြီးဆိုပေမယ့် သူက ထူးဆန်းတယ်လို့ မထင်ပါဘူး။
၁၀ တန်းစာမေးပွဲဖြေရက် မျိုးမှာ အနီးကပ်စပေါ့ဆိုတာမျိုးက ညပိုင်းတွေမှာ ထွက်ပေါ်တတ်ကြပြီး ဒါကို လိုက်ယူတတ်ကြတာ အလေ့အကျင့်တစ်ခုလိုပါ။ ဒါကြောင့် ထိုသူကလည်း ငုဝါတို့ကို ဒီကိစ္စနဲ့ထွက်သွားတယ်ထင်ပြီး အထူးတလည် အရေးမထားခဲ့တာပါ။
သူကတောင် စာတော်တဲ့ကလေးတွေဖြစ်ပြီး စပေါ့နောက်လိုက်ရမလားဆိုပြီး အပြစ်တင်နေမိပါသေးတယ်။ မနက်ကျမှ ငုဝါပျောက်နေတဲ့ သတင်းကို ခပ်သဲ့သဲ့ကြားကာ ကိုယ်တိုင်ရောက်လာပြီး ပြောပြခဲ့တာပါ။
ညကတော့ အရှက်ကွဲမှာစိုးရိမ်ပြီး လူအများမသိအောင် ကြိတ်ရှာခဲ့တာမို့ ဒီသတင်းကို ကြိုမသိခဲ့ရခြင်းဖြစ်ပါတယ်။ ဦးသန့်စင်တို့အတွက် တစ်မျိုးရှင်းပေမယ့် နောက်တစ်မျိုး စိတ်အနှောင့်အယှက်ဖြစ်ရပြန်ပါတယ်။
ညက ခေတ်ပြန်လာခဲ့သလား။ ပြီးတော့ ခေတ်က ငုဝါစာမေးပွဲဖြေဖို့ တစ်ရက်သာကျန်မှန်းသိသိနဲ့ ခေါ်ထုတ်သွားစရာ ဘာလိုလို့လဲ။ ဒါက သူတို့ကို တစ်မျိုးရင်ပူရပြန်ပါတယ်။ စပေါ့ကိစ္စမဟုတ်တာတော့ သူတို့သိနေပါတယ်။
လာပြောတဲ့သူကို သေချာမေးတော့မှ သူလည်း ဇဝေဇဝါဖြစ်သွားပါတယ်။ သူက ခေတ်ကို သိနေသလို ငုဝါနဲ့ခေတ်က အမြဲအတူတူသွားလာတတ်တာကိုလည်း သိနေခဲ့ပါတယ်။
ညက တွေ့ခဲ့တာက ခေတ်လားဆိုတာကျတော့ ညပိုင်းဖြစ်နေတာမို့ ယတိပြတ်ပြောဖို့ သိပ်မသေချာပြန်ပါ။ ဒီမှာတင် သူတို့စိတ်ပူပြီး အပူတပြင်း လိုက်ရှာဖြစ်ခဲ့ကြပါတယ်။
မြို့ထဲလိုက်ရှာလည်း မတွေ့။ အောင်အောင်အိမ် သွားမေးတော့လည်း အောင်အောင်လည်းမရှိ။ ဒီလိုနဲ့ ခေတ်အိမ်မှာ မရှိတာကို ညကတည်းက သိပေမယ့် ထပ်သွားကြည့်ဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။
ဒီလိုနဲ့ ခေတ်ရဲ့အိမ်နားက လက်ဖက်ရည်ဆိုင်ရှေ့ရောက်တော့ ဘကြီးဦးနဲ့တွေ့ပါတယ်။ ဒီတော့မှ မနေ့ညက ခေတ်ပြန်ရောက်နေတာကို သေချာသိလိုက်ရပါတော့တယ်။
လက်ဖက်ရည်ဆိုင်ရှင်ကလည်း ဝင်ပြောခဲ့တယ်။ ခေတ်က မနက်အစောကြီးက တစ်ယောက်တည်း ခရီးဆောင်အိတ်တစ်လုံးနဲ့ ရောက်လာပြီး ပြန်ထွက်သွားတယ်လို့ ဝင်ပြောလာပါတယ်။
ဒီသတင်းကြားတော့ ခေတ်တို့ ဒီမြို့ကနေ ထွက်သွားမှာကို စိုးရိမ်သွားကြပါတယ်။ ဒါကြောင့် ခေတ်ရဲ့အိမ်ကို သွားမရှာဘဲ မြို့ထဲက ကားဂိတ်တွေမှာ ရှာရန်အပူတပြင်းထွက်လာခဲ့ကြပါတယ်။
ဘကြီးဦးကလည်း ခေတ်နဲ့ငုဝါတို့ ခိုးရာလိုက်ပြေးသွားကြတယ်ဆိုတော့ အံ့ဩသွားမိတယ်။ သူလည်း ကလေးတွေကို စိတ်ပူပြီး တစ်ခါတည်း ပါသွားခဲ့ပါတယ်။
ဦးသန့်စင်တို့ဟာ ကားဂိတ်တွေမှာပဲ ရှိမယ်ထင်ပြီး အရင်လိုက်ရှာနေခဲ့လို့ အချိန်တွေကြာနေခဲ့တာပါ။ မတွေ့တော့မှ စိတ်ပျက်လက်ပျက်ဖြစ်ပြီး နောက်ဆုံးအနေနဲ့ ဘူတာရုံဘက်ကို ထွက်လာခဲ့ခြင်းဖြစ်ပါတယ်။
ဘူတာရုံဝန်းထဲ ဝင်ဝင်ချင်းမှာ ငုဝါကိုတွေ့လိုက်ရတော့ အရမ်းဝမ်းသာသွားကြတယ်။ သမီးပျိုလေးအပေါ်မှာ နှမြောစိတ်တွေ၊ မချိတင်ကဲစိတ်တွေ ဖြစ်ရပေမယ့် ပြန်တွေ့ရတဲ့အခါမှာ စိုးရိမ်ပူပန်မှုတွေ ယုတ်လျော့သွားရပါတယ်။
ဒါကြောင့် ဦးသန့်စင်က ငုဝါအနားကို အရင်ဆုံးပြေးသွားကာ သမီးလို့ ခေါ်လိုက်ပါတယ်။ ဒါပေမယ့် ငုဝါကတော့ သူ့ကို တစ်ချက်သာ ဝေ့ကြည့်ပြီး ရှေ့ကိုဆက်ထွက်ဖို့ ခြေလှမ်းလိုက်ပါတယ်။
သမီးဖြစ်သူရဲ့ တုံ့ပြန်ပုံနဲ့ မျက်နှာအမူအရာကြောင့် ဦးသန့်စင်မှာ ဟင်ခနဲဖြစ်အောင် အံ့ဩသွားရပါတယ်။ သမီးရဲ့မျက်နှာပေါ်မှာ မိဘတွေကိုတွေ့ရလို့ အံ့ဩတာ၊ စိုးရိမ်ကြောက်ရွံ့တာ၊ ရှက်ရွံ့တုန်လှုပ်တာမျိုး မတွေ့ရပါဘူး။
တကယ်ဆိုရင် မဖြစ်သင့်တဲ့အချိန်မှာ ခိုးရာလိုက်ပြေးထားတာမို့ သူတို့ကို တွေ့ရင် တုန်လှုပ်တာမျိုး၊ ရှက်ရွံ့တာမျိုးဖြစ်ရမယ်လေ။ အခုတော့ ခံစားမှုမရှိတဲ့ မျက်နှာမျိုးနဲ့မို့ ဦးသန့်စင်မှာ ရင်ထိတ်သွားရပါတယ်။
ဒီတော့မှပဲ ဦးသန့်စင်က အခြေအနေကို ပြန်အကဲခတ်ရတော့တယ်။ ညက ခေတ်နဲ့ပျောက်သွားပေမယ့် အခုတော့ …… ။ သူဟာ ဘေးဘီကို ဝေ့ကြည့်ကာ ရှာကြည့်ရင်း ရှေ့ကိုလှမ်းထွက်ဖို့ ပြင်နေတဲ့ သမီးရဲ့လက် မောင်းကို ဖမ်းဆွဲကာ …..
“သမီး … ဘာဖြစ်လို့လဲ။ ပြောလေ … သမီး ဘာဖြစ်လို့လဲလို့ ..ခေတ်ရော … ခေတ် ဘယ်မှာလဲ။ ညက ခေတ်နဲ့ ပါသွားတာဆို … အခု .. သူဘယ်မှာလဲ …..ပြောလေ … သမီးတစ်ယောက်တည်း ဒီမှာ ဘာလုပ်နေတာလဲ”
စိုးရိမ်ပူပန်စိတ်ကြောင့် အဆက် မပြတ် မေးနေပေမယ့် ငုဝါကတော့ တုံဏိဘာဝေလုပ်နေပါတယ်။ ဦးသန့်စင်မှာလည်း ရင်ပူနေတာမို့ မေးရင်းမေးရင်းနဲ့ အသံကျယ်လာသလို ငုဝါလက် မောင်းကို ဆွဲခါလိုက်ပါတယ်။ ဒီတော့မှ …..
“ဘာမှ မေးမနေနဲ့ ဖေဖေ။ သမီးတစ်ယောက်တည်းပဲ။ အခု သမီးကို အိမ်ပြန်ခေါ်မှာလား။ဒါမှမဟုတ် သမီးဟာသမီး တစ်ယောက်တည်း ထွက်သွားရမှာလား”
“ငုဝါ !!!”
“တော်ပါတော့။ ဒီမှာ ဘာမှ ဆက် မမေးပါနဲ့။ သမီးဘယ်မှ သွားစရာမလိုဘူး။အိမ်ပဲပြန်လိုက်ခဲ့နော် … သမီးတစ်ယောက်တည်းမို့လား … လာ … လာ …”
အနားကို ရောက်လာတဲ့ ဒေါ်ယမင်းက လူအများကြားမှာ အော်ကြီးဟစ်ကျယ်တွေ ဖြစ်ကုန်မှာစိုးလို့ အမြန်ဝင်ထိန်းလိုက်ပါတယ်။ သူ့အမေးကို ခပ်မာမာတုံ့ပြန်တဲ့ သမီးဖြစ်သူကြောင့် သန့်စင်မှာ အံ့ဩမှုနဲ့အတူ ရှက်ဒေါသနဲ့ ပူပင်ဒေါသတွေပါ ဖြစ်ပေါ်နေရပါတယ်။
“မဟုတ်သေးဘူးလေ ယမင်းရဲ့။ မင်း သမီးက ခိုးရာ …. ဟာကွာ ….အခု တစ်ယောက်တည်း … ဘယ်လိုဖြစ်နေရတာလဲ။ ဘာဖြစ်လာလဲဆိုတာ ငါတို့က သိရမှပေါ့”
“အင်းပါ။ အခုက လူကြားထဲမှာလေ။ အိမ်ရောက်ရင် မေးလို့ရတာပဲ။ရှင့်သဘော ဘယ်လိုရှိရှိ။ ကျမကတော့ ကျမသမီးကို အိမ်ပြန်ခေါ်သွားမယ်။ နောက်ကိစ္စ နောက် မှရှင်းမယ် …..လာ … သမီး … အိမ်ပြန်မယ်နော်”
ဦးသန့်စင်မှာ ဘဝင်မကျပေမယ့် ဒေါ်ယမင်းပြောတာလည်း နည်းလမ်းကျတာမို့ လက်ခံလိုက်ရပါတယ်။ ဒေါ်ယမင်းကလည်း သမီးဇောနဲ့မို့ လေသံမာမာနဲ့ပြောကာ သူ့ကိုမစောင့်ဘဲ ငုဝါကို ဖက်လို့ ကားဆီခေါ်သွားပါတယ်။
ဒါကြောင့် ဦးသန့်စင်လည်း ဘာမှဆက် မပြောတော့ဘဲ အားလုံးကိုခေါ်ပြီး ကားကို အိမ်ပြန်မောင်းလာခဲ့ပါတယ်။ ဒါပေမယ့် သူ့ရင်ထဲမှာတော့ သိချင်စိတ်တွေနဲ့ ပြည့်နှက်နေပါတယ်။
ခေတ်ဘယ်ပျောက်သွားတာလဲ။ ခေတ်ကသမီးကို ခိုးပြေးပြီးမှ စွန့်ပစ်သွားတာလား။ စွန့်ပစ်သွားစရာ အကြောင်းမှ မရှိတာလေ။ ပြီးတော့ သမီးက ဘာလို့သွေးအေးပြီး အေးတိအေးစက်ဖြစ်နေရတာလဲ။
ကားမောင်းနေရပေမယ့် အတွေးတွေရှုပ်ယှက်ခတ်ပြီး သူ့ခေါင်းတွေ ထူပူနေရပါတယ်။ စွန့်ပစ်ခံရတာဆိုရင် သမီးရဲ့နောင်ရေးကို ဆက်တွေးဖို့ကိုပင် မတွေးရဲအောင် ကြောက်ရွံ့နေမိပါတယ်။
ဖခင်တစ်ယောက်ရဲ့ ပူပင်သောကတွေက သူ့ရင်ကို ပြင်းစွာလောင်မြှိုက်နေခဲ့ပါတယ်။ ရှက်ရွံ့ခြင်းနဲ့ ဝမ်းနည်းယူကျုံးမရခြင်းတွေအပြင် ခံပြင်းဒေါသတွေဖြစ်နေတာကို သူ့မျက်နှာမှာ အတိုင်းသား မြင်နိုင်ပါတယ် ။
ဒါကြောင့် စကားတစ်လုံးမှမပြောဘဲ ကားကို အိမ်အမြန်ပြန်ရောက်အောင် ဖိမောင်းနေခဲ့ပါတယ်။ ခြံထဲ ဝင်ဝင်ချင်းမှာပဲ ကားကိုထိုးရပ်လိုက်ပါတယ်။
ပြီးတော့ သူ့ပွဲရုံကအလုပ်သမားတွေနဲ့ ဘကြီးဦးကို အတူလိုက်ရှာပေးလို့ ကျေးဇူးတင်ကြောင်းပြောကာ အခုတော့ ပြန်ကြဖို့တောင်းပန်လိုက်ပါတယ်။ အားလုံးကလည်း အခြေအနေကို ရိပ်စားမိသလို ဦးသန့်စင်ရဲ့စိတ်ခံစားချက်ကိုလည်း နားလည်တာမို့ ချက်ချင်းပြန်သွားကြပါတယ်။
အားလုံးပြန်သွားတာနဲ့ ခြံတံခါးကို သော့ခတ်ပိတ်ကာ အိမ်ထဲကို အမြန်ဝင်လိုက်ပါတယ်။ အိမ်ထဲမှာ ဒေါ်ယမင်းမိဘတွေက ငုဝါအနားမှာရှိနေပြီး ငိုတဲ့သူကငိုနဲ့ ဖြစ်နေကြပါတယ်။
ဦးသန့်စင်က ငုဝါကို လက်မောင်းက ဆွဲခေါ်ပြီး သူနဲ့ မျက်နှာချင်းဆိုင်လိုက်ပါတယ်။ ဒေါ်ယမင်းမှာ သမီးအတွက် စိတ်ပူသွားမိသလို ဦးသန့်စင်ရဲ့ဒေါသမျက်နှာကိုကြည့်ပြီး လန့်သွားမိပါတယ်။
“ငုဝါ၊ နင်က ဒါဘာအချိုးချိုးတာလဲ။ ငါ၊ အဖေတစ်ယောက်လုံး မေးနေတာ ဘာလို့မဖြေတာလဲ”
“ကိုသန့်စင်၊ ဖြည်းဖြည်းမေးပါ”
“တော် … မင်း ဘာမှ ဝင်မပြောနဲ့။ ဒါက အားလုံးအရှက်ကွဲမှာကွ။ အခုတောင် ဘယ်လောက်အရှက်ကွဲနေပြီလဲ။ငါတို့အရှက်ကွဲတာက ရတယ်။ သူ့ဘဝက ဆုတ်ပြတ်သတ်သွားမှာကွ။ ဒါကိုမင်းနားလည်လား”
“ဒါတော့ဟုတ်ပါတယ်။ သိပ်ဒေါသမကြီးပါနဲ့”
“ဒေါသမကြီးလို့ရမလားကွ။ မင်း သမီးလုပ်နေပုံကို ကြည့်ပါအုံး။မိဘကတော့ သူ့ကို လိုလေသေးမရှိဂရုစိုက်လိုက်ရတာ။ သူကတော့ သူ့ကိုယ်သူတန်ဖိုးမထားဘူး”
“ဟုတ်တယ် … သမီးက ကိုယ့်ကိုယ်ကိုယ် တန်ဖိုးမထားဘူး။ အဲတော့ ဘာဖြစ်လဲ။ သမီးဘဝပျက်တာပဲ ရှိမှာပေါ့”
“ဘာ … တောက်!!! နင် … နင် ….”
“ကိုသန့်စင် … ရှင်လက် မပါနဲ့”
ဦးသန့်စင်က ဒေါသနဲ့ ရှက်စိတ်ပေါင်းကာ ငုဝါကို ရိုက်ဖို့ လက်ရွယ်လိုက်ပါတယ်။ ဒါပေမယ့် ဒေါ်ယမင်းက အတင်းဆွဲသလို ထီမထင်ဟန်နဲ့ မျက်နှာကိုမော့ပေးကာ သူ့ကိုစူးစူးရဲရဲကြည့်နေတဲ့ သမီးကြောင့် မရိုက်ဖြစ်ဘဲ လက်ပြန်ချလိုက်ပါတယ်။
“ဒါဆို … ပြောစမ်း။ ခေတ်နဲ့ နင် လိုက်သွားတာမို့လား။ အခု ခေတ် ဘယ်မှာလဲ။ခေတ်က နင့်ကို ခိုးပြေးပြီး မယူဘဲ ပစ်ထားသွားတာလား။ ဒီကောင်က နင့်ကို ဒီလိုလုပ်သွားတာလား … ပြောလေ …”
“ကိုကို့အကြောင်းကို ဘာမှ မမေးပါနဲ့။ သမီးဘာဖြစ်ခဲ့လဲဆိုတာလည်း ဘယ်တော့မှပြောမှာ မဟုတ်ဘူး။ဖေဖေတို့အတင်းအကျပ်မေးရင် သမီးကိုသမီးသတ်သေလိုက်မယ်။ဒါမှမဟုတ်ရင် ဖေဖေတို့ သမီးကို သတ်ပစ်လိုက်။ သမီးသေဖို့ ဝန်မလေးဘူး”
“ဘာ !!! နင် … နင်”
“တော်ကြပါတော့ … အမေ့ကို သနားကြပါအုံး။ စိတ်ထင်ရာတွေ မလုပ်ပါနဲ့နော် …”
ဒေါ်ယမင်းမှာ ငိုကြီးချက် မနဲ့ ငုဝါကို ပြေးဖက်ပြီး စိတ်ထင်ရာတွေလျောက် မလုပ်ဖို့ တောင်းပန်နေခဲ့ပါတယ်။ ဦးသန့်စင်မှာတော့ ဒေါသနဲ့ ယူကျုံးမရခြင်းတို့ပေါင်းစပ်ကာ အသားများတဆတ်ဆတ်တုန်နေရပါတယ်။
“အေး … ကောင်းပြီ။ ဒါဆို ခေတ်ကို တွေ့အောင်ရှာပြီး ဒီကိစ္စကို စာရင်းရှင်းရတာပေါ့”
“ကိုကို့ကို ဖေဖေ လိုက် မရှာပါနဲ့။ ဒီကိစ္စက ကိုကိုနဲ့မဆိုင်ဘူး”
“ဘာ !!! သူနဲ့မဆိုင်လို့ ဘယ်သူနဲ့ဆိုင်မလဲ။နင့်ကို သူက ခိုးပြေးသွားတာ အကုန်သိနေပြီ။ အခုမှ ဒီကောင်က ဘာအချိုးချိုးတာလဲ။လူမဆန်တဲ့ကောင် ….”
“ဒါဆို ….. ဖေဖေလုပ်ခဲ့တာကျတော့ရော ….”
“ဘာ !!! ငါ … ငါက ….”
“ဟုတ်တယ်၊ ကိုကို့ကို ဖေဖေ အပြစ်တင်ချင်ရင် … ကိုကိုတို့မိသားစုအပေါ် ဖေဖေဘာလုပ်ခဲ့လဲဆိုတာ ပြန်စဥ္းစားကြည့် …
သမီးလည်း အခုမှ စဥ္းစားမိတယ် …..
မနေ့ညကရော ဖေဖေဘယ်ရောက်နေတာလဲ …
ဖေဖေတစ်သတ်လုံး လုပ်ခဲ့တာတွေအတွက် ပြန်ဝဋ်လည်တယ်လို့ သဘောထားလိုက် …
သမီး … သမီးက … ဟင့် … ပြန်ပေးဆပ် … လိုက်ရတာပါ ……”
“ဟင် …….”
ငုဝါမှာ ပြောရင်း အသံလေး စို့နင့်တုန်ခါလို့ ရှိုက်ကာငိုချလိုက်ပါတယ်။ ပြီးတော့ သူမအခန်းရှိရာကိုပြေးဝင်သွားခဲ့ပါတော့တယ်။ ဒေါ်ယမင်းရဲ့ မိဘတွေကလည်း ငုဝါအခန်းရှေ့ကို လိုက်ပါသွားပြီး စိုးရိမ်တကြီးနဲ့ ငိုကာတတွတ်တွတ်ခေါ်နေခဲ့ကြပါတယ်။
ဦးသန့်စင်မှာတော့ ပါးစပ်အဟောင်းသားနဲ့ အသိမဲ့သူတစ်ယောက်ပမာ မတ်တတ်ရပ်ကာ ငိုင်တွေသွားရပါတယ်။ သမီးစကားတွေက သူ့ရင်ကို ဓားအစင်းစင်းနဲ့ ထိုးနှက်ခံနေရသလို စူးအောင့်နာကျင်လွန်းလှပါတယ်။
သူ လုံးဝထင်မထားတဲ့ စကားတွေကို ငုဝါက ပြောသွားခဲ့တာလေ။ အံ့ဩတုန်လှုပ်မှုနဲ့အတူ သူ့နှလုံးသားတွေ တစ်စစီကျေမွသွားသလို နင့်နင့်သည်းသည်းခံစားလိုက်ရပါတယ်။
အခုလိုသမီးကြုံတွေ့ခံစားခဲ့ရတာဟာ သူ ကျူးလွန်ခဲ့တဲ့အမှားတွေကြောင့်တဲ့လား။ သမီးရဲ့ဘဝကို ဖျက်စီးခဲ့သူဟာ သူကိုယ်တိုင်ဖြစ်နေခဲ့ပါလား။
ဒီလိုကြေကွဲရင်နင့်စရာတွေ ခံစားရနိုင်တာကို သူ အမှုမထားခဲ့ဘဲ တစ်သတ်လုံး စိတ်အလိုလိုက်ကာ လွန်ကျူးဖောက်ပြားခဲ့မိတာပါ။ အခုတော့ ဒီဝဋ်ကြွေးတွေက သူ့အစား သမီးလေးက ခံပေးခဲ့ရပါပြီ။
သူမှားခဲ့တဲ့ဒဏ်ကို သူတစ်ယောက်တည်း ခံယူလိုက်ချင်ပါတယ်။ အခုတော့ ဘာမှအပြစ်မရှိတဲ့ သမီးလေးဟာ အရွယ်မတိုင်ခင်မှာ ဘဝနဲ့ရင်းပြီး ပေးဆပ်လိုက်ရပါပြီ။ သူ့မှာ ယူကျုံးမရစိတ်တွေကြောင့် ပူလောင်နေရပါတယ်။
သူမွှေးခဲ့တဲ့ မီးဟာ သူ့ကိုယ်တင်မကဘဲ သူမိသားစုကိုပါ လောင်ကျွမ်းစေရပါပြီ။ နောင်တမီးက ကိုယ်၊ စိတ်နှစ်ပါးလုံးကို ချုံးချုံးကျသွားအောင် ဖွဲမီးကဲ့သို့ တမြည့်မြည့်စွဲလောင်စေပါတယ်။
ငုဝါရဲ့စို့နင့်ကြေကွဲစွာပြောတဲ့ စကားတွေကိုကြားပြီး ဒေါ်ယမင်းမှာ ထိခိုက်ခံစားရတဲ့အပြင် တုန်လှုပ်သွားရပါတယ်။ ဒါကြောင့် ဦးသန့်စင်ကို မော့ကြည့်နေရှာပါတယ်။ သူမ ရင်ထဲမှာလည်း မေးခွန်းပေါင်းများစွာနဲ့ မွန်းကျပ်လို့နေပါတော့တယ်။
“ကိုသန့်စင်၊ သမီးက ဘာပြောသွားတာလဲ။
ရှင့်ရဲ့မကောင်းတဲ့အကျင့်တွေကို သမီး … သမီးက သိနေခဲ့တာလား”
“……………….”
“ပြောလေ။ သမီးအခုလို အဖြစ်ဆိုးကြုံရတာ ရှင့်ကြောင့်လား ….�
နေပါအုံး …. မနေ့ညက ရှင်ဘယ်ရောက်နေတာလဲ”
“အားလုံးငါ့အပြစ်တွေပါ။ ငါ့ကြောင့် သမီးလေး ……… ဘဝ ….. ….. …..
ငါ .. လူမဆန်တာ လုပ်မိတာ … ချက်ချင်းဝဋ်ပြန်လည်တာပဲ …
မနေ့ညက … ငါ … ကြည်ပြာ့ကို အကျပ်ကိုင်ပြီး တစ်ညလုံး အတူနေခဲ့တာ …
ငါ့ကြောင့်ပဲ … ခေတ်က ….”
“ဖြန်း”
ဦးသန့်စင်ရဲ့စကားမဆုံးခင်မှာပဲ ဒေါ်ယမင်းက ပါးရိုက်ချလိုက်ပါတယ်။ သူမအနေနဲ့ ဆက်ပြီးနားထောင်နိုင်စွမ်း မရှိတော့ပါဘူး။ ပြီးတော့ သူ့ကို မီးဝင်းဝင်းတောက် မတတ် ဒေါသထွက်နေတဲ့ မျက်ဝန်းများနဲ့ မုန်းတီးရွံရှာစွာ စိုက်ကြည့်ပြီး …
“ရှင့်ရဲ့ ဖောက်ပြန်မှုကို ကျမ သိနေပေမယ့် ဝဋ်ရှိလို့ပဲသတ်မှတ်ပြီး ကြိတ်မှိတ်နေပေးခဲ့တာ …
ဒါကလည်း သမီးမျက်နှာကြောင့်၊ ကျမ သမီးဘဝမထိခိုက်အောင် နေပေးခဲ့ရတာ …
အခုတော့ …. အခုတော့ …. ရှင့်ရဲ့သစ္စာမဲ့မှုက သမီးဘဝကို ဖျက်စီးပစ်လိုက်တာပဲ …
ရှင့်ကို ကျမ ရွံတယ် … အယုတ်တမာကြီး …”
“ယမင်း … ကိုယ်တောင်းပန်ပါတယ် … ကိုယ့်အပြစ်အတွက် ယမင်းပေးတဲ့အပြစ်ကို ခံပါ့မယ်”
“တော် … ရှင့်အသံကို မကြားချင်ဘူး။ ရှင့်အပြစ်က အခုမှလုပ်တာမဟုတ်ဘူးလေ။
ပြင်လို့ရရဲ့သားနဲ့ တစ်လျောက်လုံး ရှင်ဖောက်ပြန်ခဲ့တာမဟုတ်လား။
ဒီအချိန်မှာ ကျမ .. ဘယ်သူ့မျက်နှာမှ မကြည့်ချင်တော့ဘူး”
ဒေါ်ယမင်းမှာ အပြင်းအထန်ပေါက်ကွဲ ပြောဆိုပြီး သူ့ယောက်ျားကို လှည့်မကြည့်ဘဲ သမီးအိပ်ခန်းရှိရာဘက်ကို ထွက်သွားခဲ့ပါတယ်။ သူမရင်ထဲက ဆုံးရှုံးရင်နာရမှုက ဘာနဲ့မှနှိုင်းပြ မရအောင် ကြီးမားနေခဲ့ရပါတယ်။
ခင်ပွန်းသည်ရဲ့သစ္စာမဲ့မှုကို သမီးမျက်နှာကြောင့် ရင်နာနာနဲ့ သည်းခံမျိုသိပ်ထားခဲ့ရတာပါ။ အခုတော့ သမီးရဲ့ဘဝကိုပါ ထိခိုက်ပျက်စီးရပြီမို့ ဖြည်မဆည်နိုင်အောင် နာကျင်ကြေကွဲရသလို နာကျည်းမှုတွေပါ ဖြစ်နေရပါတယ်။
ဦးသန့်စင်မှာတော့ တစ်ယောက်တည်း ငိုင်တွေခေါင်းငိုက်စိုက်ကျကာ ကျန်နေခဲ့ရှာပါတယ်။ ရယူပိုင်ဆိုင်ချင်စိတ်အားကြီးလွန်းတဲ့ သူ့အတွက် အရာရာကို လက်လွှတ်ဆုံးရှုံးသွားခဲ့ရတဲ့ ခံစားနာကျင်ရမှုက ဆိုးလွန်းလှပါတယ်။
သူ့အတ္တထက် သမီးအတွက် ရင်နာရမှုက သူ့ကို အပြင်းအထန်ထိုးနှက်နေခဲ့ပါတော့တယ်။ သူဖန်တီးခဲ့တဲ့ အတ္တရမ္မက် မီးက သူ့မိသားစုကို သောကအပူမီးတွေအဖြစ် ပြန်လည်လောင်မြှိုက်လာစေရပါပြီ။
—————
“မကြည်ပြာ … မကြည်ပြာ … ”
တံခါးဖွင့်လျက်သား အိမ်ထဲသို့ ဘကြီးဦးမှာ ခေါ်ရင်းဝင်လာခဲ့ပါတယ်။ ကြည်ပြာခင်မှာ ဧည့်ခန်းဆိုဖာခုံပေါ်မှာ ငိုင်တွေတွေနဲ့ ထိုင်နေတာကိုတွေ့လိုက်ရပါတယ်။
သူမ မျက်နှာကို မြင်ရုံနဲ့ ငိုထားပြီး စိတ်ပျက်အားလျော့နေတာကို သိနိုင်တာမို့ ဘကြီးဦးလည်း အံ့ဩသွားရပါတယ်။ ဒါပေမယ့် ပြောရမယ့်အကြောင်းလည်းရှိနေတာမို့ …..
“မကြည်ပြာ … ခေတ်ရော … ဒီကလေး အိမ်ပြန်ရောက်လာလား”
“ရှင် … သား မရှိပါဘူး။ သား .. သားက ဘာဖြစ်လို့လဲဟင်”
“ဟူးးးး ပြောရမှာလည်း ခက်တယ်မကြည်ပြာရေ။ ဘကြီးလည်း ဘယ်ကစပြောရမှန်းတောင် မစဥ္းစားတတ်တော့ဘူး။
ထူပူနေပြီ …တစ်ခုခုတော့ စိတ်မချမ်းသာစရာတွေ ဖြစ်ကုန်ပြီနဲ့တူပါတယ် … ဒုက္ခပါပဲ”
“ရှင် !!! ဘကြီး ဘာကိုဆိုလိုတာလဲ။
သား ဘာဖြစ်လို့လဲ … ဟင့် … ပြောပြပါဘကြီးရယ်”
“ခေတ်က ဘာလုပ်သွားတယ်ထင်လဲ။ ညက ငုဝါကို ခေတ်က ခိုးပြေးသွားတယ်”
“ရှင် !!!”
ကြည်ပြာခင်မှာ ပါးစပ်အဟောင်းသားဖြစ်သွားရပါတယ်။ မနက်ကတင် ခေတ်နဲ့တွေ့ထားတယ်လေ။ ပြီးတော့ ခေတ်ကလည်း ဒီအကြောင်းကို လုံးဝမပြောသွားပါဘူး။
“ဟုတ်တယ်မကြည်ပြာ၊ လူငယ်သဘာဝ စိတ်ကူးပေါက်ပြီး လုပ်ချင်ရာလုပ်သွားတာက ပြဿနာမဟုတ်ဘူး။
ဖြေရှင်းလို့ရသေးတယ်။ အခုတော့ ခေတ်က …..”
“ဘာ … ဘာဖြစ်လို့လဲ”
“ခေတ်က ငုဝါကို ရထားဘူတာရုံမှာ တစ်ယောက်တည်း ထားခဲ့တယ်လေ။
ဒါကတော့ ပုံစံမကျဘူးပေါ့။သမီးရှင်တွေ ဘယ်လောက်စိတ်ထိခိုက်ရမလဲ။
သန့်စင်လည်း တော်တော်ဒေါသထွက်နေပုံရတယ်။ဘကြီးကတော့ ငုဝါနဲ့ယမင်းကို အသနားဆုံးပဲ။
ယမင်းခမျာ ဘာမှအထွေအထူး ဝင်မပြောရှာပေမယ့် သမီးအတွက် ဘယ်လောက်ကြေကွဲဝမ်းနည်းနေရမလဲဆိုတာ ပြောလို့တောင်မရပါဘူး”
“ဒုက္ခပါပဲ … ဟင့် … ဟင့် …”
“အေး … တို့လည်း ဒီလိုနေလို့မရဘူးလေ။ ခေတ်ကိုတွေ့အောင်ရှာရမှာပေါ့”
“……………..”
“မကြည်ပြာ၊ ဘကြီးပြောတာ ကြားရဲ့လား။
သန့်စင်တို့အိမ်မှာ ဘာတွေဖြစ်နေပြီလဲမသိဘူး။
သူတို့လည်း ရှက်လို့ထင်တယ်။ ငါတို့ကိုအတင်းပြန်ခိုင်းပြီး ခြံတံခါးသော့ခတ်လို့ ဝင်သွားတာ။
အချိန်မလွန်ခင် ခေတ်ကိုရှာရအောင်”
“ဘကြီးရယ် … မရတော့ပါဘူး။ ဒီမနက် … သားက အိမ်ကိုပြန်လာသေးတယ်။
သားက ကျမကိုစိတ်နာပြီး အိမ်ကအပြီးထွက်သွားတာ။
ပြီးတော့ သူလုပ်ချင်ရာလုပ်မယ်။ လိုက် မရှာဖို့ ပြောသွားတယ်”
“ဟင် ……. ဒါဖြင့် … သန့်စင်နဲ့ ဟိုကိစ္စကြောင့်များလား … ဟုတ်လား မကြည်ပြာ”
“ဟုတ်တယ် … ဟင့် .. သားက အဲဒီကိစ္စကို နာကျည်းပြီး ထွက်သွားတာ။
အားလုံး ကျမအပြစ်တွေချည်းပါပဲ။
ငုဝါလေးခမျာ ကျမကြောင့် …. ဒုက္ခရောက်ရတာပါ”
“ဘကြီး ထင်တော့ထင်တယ်။ ခေတ်က ငုဝါအပေါ် ဒီလောက်အထိ လုပ်မယ့်သူမျိုး မဟုတ်ဘူးလို့။
သူ့စိတ်ထဲတော်တော်ထိခိုက်လို့သာ လုပ်သွားခဲ့တာနေမယ် … ဟူးးးး
ဘူတာရုံမှာတည်းက သန့်စင်ကို ငုဝါရဲ့ဆက်ဆံပုံကိုကြည့်ပြီး ဘကြီးစိတ်ထဲ ထင့်နေခဲ့တာ …..
အခုတော့ မီးကတောက်လျောက်လောင်ကုန်ပြီပေါ့လေ။
မဆိုင်တဲ့ကလေးတွေပါ ဒီအပူတွေကို ခံစားနေရပြီပေါ့ …”
“ဟုတ်ပါတယ်။ သားက ကျမကို တော်တော်နာကျည်းသွားတာ။
ဒေါသလည်း တော်တော်ထွက်သွားတယ်။
သားက လူသတ်ပြီးထောင်ကျမခံစေချင်ရင် သူ့ကိုလိုက် မရှာနဲ့တဲ့။
အခုတော့ ကျမတို့မိသားစုဘဝပျက်ရရုံတင်မဟုတ်ဘဲ ယမင်းနဲ့ငုဝါပါ ထိခိုက်ခံစားနေရပြီပေါ့။
ငုဝါလေးက ခံစားနိုင်ပါ့မလား …ကျမတော့ ယမင်းကို ဒီတစ်သတ် မျက်နှာချင်းဆိုင်ဖို့ မဖြစ်နိုင်တော့ပါဘူး”
“အေးကွယ်။ အခုတော့ အားလုံးလက်လွန်ပြီး မျက်နှာပျက်စရာ ဖြစ်ကုန်ပြီပေါ့။
ဒီအချိန်မှာတော့ ယမင်းတို့ကို နားလည်ပေးရမှာပဲ။
နေပါအုံး … နောက်မှ ဘကြီးနဲ့ နင့်အမမြတို့ အခြေအနေကြည့်ပြီး ငုဝါကိုသွားကြည့်ပါအုံးမယ် …. …. ….. ….. …..
အင်း ….. မီးဆိုတာ မလောင်ခင်တားရတယ်။
လောင်လို့ရှိရင် အမြန်ငြိမ်းနိုင်အောင် ကြိုးစားရမယ်လေ။
အခုတော့ လောင်လက်စရှိတဲ့မီးကို အပြီးတိုင် မငြိမ်းနိုင်တော့ အားလုံးလောင်ကျွမ်းကုန်ရပြီပေါ့ …..
မကြည်ပြာလည်း စိတ်ကိုဖြေပါ။ ဘကြီးလည်း ပြန်ပါအုံးမယ်”
ဘကြီးဦးလည်း တရားရသလို �ညည်းတွားရင်း စိတ်ပျက်လက်ပျက်နဲ့ ပြန်ထွက်သွားခဲ့ပါတယ်။ ကြည်ပြာခင်မှာတော့ ကြုံခဲ့၊ ကြားခဲ့ရတာတွေကြောင့် ငိုချရင်းသာ ကျန်နေခဲ့ရပါတယ်။
ခေတ်ရဲ့အမုန်းတရားနဲ့ လက်တုံ့ပြန်မှုကို နားလည်ပေးနိုင်ပေမယ့် ငုဝါလေးဘဝကို ထိခိုက်ရတာကိုတော့ မခံစားနိုင်အောင် နာကျင်ရပါတယ်။ ဘကြီးဦးပြောတာ မှန်ပါတယ်။
သစ္စာပျက်ယွင်းပြီး ဖြစ်ပေါ်လာတဲ့ ရမ္မက် မီးကို မလောင်ခင်မှာ တားဆီးသင့်ပါရဲ့နဲ့ မတားနိုင်ခဲ့ပါ။ လောင်ကျွမ်းခံနေရချိန်မှာလည်း အမြန်ငြိမ်းသင့်ရဲ့သားနဲ့ ပူလောင်ပြင်းပြမှုကိုပင် သာယာနေမိခဲ့ပါတယ်။
အခုတော့ ဒီမီးက မိသားစုနှစ်စုကို လောင်မြှိုက်ပူပင်စေရပါပြီ။ ရမ္မက် မီးကြောင့် ဖြစ်ပေါ်ခဲ့တဲ့ သောကအပူတွေဟာ သူမတစ်သတ်လုံး ပူပြင်းလောင်မြှိုက်နေရတော့မှာပါ။
——————-
ဖြူစင်တဲ့ သံယောဇဥ္ တွေအရောင်ပြောင်းစခဲ့ကတည်းက ရင်ခုန်စိတ်လှုပ်ရှားခဲ့ရတဲ့သူက ကိုကို့ကိုပါ။ တိတ်တခိုးအချစ်ရူးမလေးဖြစ်ရတဲ့အထိပါပဲ။ အချစ်ဆိုတာ ဘာမှန်းမသိခင်ကတည်းက ကိုကို့ကို ရူးသွပ်စွဲလမ်းနေမိတာကို ငုဝါ သတိထားမိခဲ့ပါတယ်။
ဒီစွဲလမ်းစိတ်က ရှိရင်းစွဲ ခင်မင်တွယ်တာစိတ်တွေ၊ အားကိုးယုံကြည်စိတ်တွေထက်ကို ပိုခိုင်မာအားကောင်းလွန်းနေခဲ့ပါတယ်။ အမြဲတမ်း မြင်တွေ့ချင်သလို မတွေ့မမြင်ရချိန်မှာလည်း ကိုကို့ပုံရိပ်တွေက ငုဝါအတွေးအိမ်ထဲမှာ အမြဲတည်ရှိနေခဲ့ပါတယ်။
ပိုင်စိုးပိုင်နင်း အတွေးထဲရောက်ရောက်လာတတ်တဲ့ ကိုကို့ကို မုန်းတယ်။ အရူးမလေးလို တစ်ယောက်တည်းစကားပြောပြီး စိတ်ကူးယဥ္ဇာတ်လမ်းလေးတွေ ဖန်တီးရင်ခုန်တတ်အောင် ပြုစားနိုင်တဲ့ ကိုကို့ကို မုန်းတယ်။
ဂရုစိုက်မှန်း သိပေမယ့်လည်း စိတ်ဆိုး၊ စိတ်ကောက်ချင်နေမိတယ်။ ကိုကိုရဲ့အလေးပေး၊ အလိုလိုက်မှုကို ခံယူရင်း ကိုကို့မျက်နှာလေးကို တစိမ့်စိမ့်ကြည့်ကာ အချိန်တွေကုန်ဆုံးနေချင်မိတယ်။
စွဲလမ်းမှုတွေများလွန်းခဲ့ရင် အဆုံးရှုံးမခံနိုင်တော့ဘဲ ပိုင်ဆိုင်ချင်ကြတာ သဘာဝပါပဲ။ ငုဝါလည်း ကိုကို့ကို အမြဲပိုင်ဆိုင်ချင်ခဲ့ပါတယ်။
ဒါကြောင့်ပဲ ငုဝါအနားကနေ ကိုကိုထွက်သွားမှာကို ကြောက်ခဲ့မိတယ်။ ကိုကို့အကြိုက်နေထိုင်ရင်း ပျော်ရွှင်စရာ အချစ်လမ်းလေးကို မျှော်လင့်ရင်ခုန်မိခဲ့ပါတယ်။
ဒါပေမယ့် ကိုကိုရဲ့ နာကျည်းခံပြင်းမှုကို မမျှော်လင့်ဘဲ သိလိုက်ရချိန်မှာ ငုဝါရဲ့ ရင်ခုန်မျှော်လင့်ခဲ့သမျှဟာ ပျက်စီးပျောက်ဆုံးခဲ့ရပါတယ်။ အဲဒီနေ့ကတည်းက စိတ်ကူးယဥ္ပြီး ရင်ခုန်ပျော်ရွှင်ရတာတွေ ပျောက်ဆုံးပြီး ကြေကွဲဝမ်းနည်းမှုတွေသာ ခံစားခဲ့ရပါတယ်။
ပိုင်ဆိုင်ဖို့ကို စိတ်ကူးမယဥ္ရဲတော့ဘဲ အသဲနင့်နင့်နဲ့ပဲ ဆက်ချစ်နေခဲ့ရတာပါ။ ဒါကြောင့်ပဲ ငုဝါဟာ ကိုကိုနဲ့ပတ်သတ်ရင် ….
ကြုံလာရမှာတွေအားလုံးကို ရင်ဆိုင်ကာ စွန့်စားပြီးလည်း ချစ်ရဲပါတယ်။
လက်တုံ့ပြန်ချင်တဲ့ကိုကို့အတွက် ပိုင်ဆိုင်ချင်စိတ်ကို စွန့်လွှတ်ပြီးလည်း ချစ်ခဲ့ပါတယ်။
ကိုကိုရဲ့ စွန့်ပစ်မှုကိုလည်း ကြည်ဖြူစွာခံယူပြီးလည်း ချစ်ပြနိုင်ပါတယ်။
ကိုကို့တစ်ယောက်တည်းကိုသာ စွဲလမ်းပြီး အချစ်ရူးမလေးဖြစ်ခဲ့တဲ့ ငုဝါဟာ ခံပြင်းနာကျည်းနေသူကို လက်တုံ့ပြန်နိုင်ခွင့်ပေးလို့ စွန့်၍ချစ်ရင်း ဆက်၍ချစ်နေဦးမှာပါ ကိုကိုရယ် ……
Season 2 . The End